Tuesday, October 6, 2009

Burmese and donation in Southern thailand

မြန်မာ အလုပ်သမားများ၏ အလှူပွဲ ထိုင်းတောင်ပိုင်းတွင် ပြုလုပ်
အောင်စိုးထိုက်
အောက်တိုဘာ ၇၊ ၂၀၀၉

ဆွမ်းခြောက် လောင်းလှူပွဲနှင့် ပလ္လင်ကပ်လှူပူဇော်ပွဲ အခမ်းအနားကို တနင်္လာနေ့က ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်၊ နမ့်ခင်းကျေးရွာတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဖျော်ဖြေရေး အစီအစဉ်များ အကျွေးအမွေးများ ပါဝင်သည်။ ကုန်ကျစရိတ်နှင့် လှူဒါန်းမှု အစုစုတို့၏ တန်ဘိုးမှာ ဘတ် ၁ သိန်းကျော် ရှိကြောင်း သိရသည်။

လှူဒါန်းသည့် ပလ္လင်ကို ရန်ကုန်မှ မှာယူခြင်း ဖြစ်ပြီး ခရီးစရိတ် အပါအ၀င် ဘတ် ၁၅၀၀၀ ခန့် ကုန်ကျသည်ဟု ဆိုသည်။
အလှူပွဲ တက်ရောက်လာသူ အမျိုးသမီး တစ်ဦးက “ကျွန်မ အရမ်းပျော်ပါတယ်၊ မြန်မာပြည်က ရိုးရာ အလှူပွဲမျိုးကို ထိုင်းနိုင်ငံမှာ အခုလို အောင်အောင်မြင်မြင်နဲ့ စည်စည်ကားကား ကျင်းပနိုင်တာ တွေ့ရတော့ ပိုပြီးပျော်ပါတယ်၊ ဒီက ရွာသူကြီးကလည်း ဗမာတွေကို နားလည်မှု ပေးတယ်လေ” ဟု ပြောပါသည်။

အလှူပွဲကို ဦးစီးသည့် အဖွဲ့ဖြစ်သည့် ကရုဏာရှင် ညီအကိုများ အဖွဲ့ ဥက္ကဋ္ဌ ကိုနော်မဲ့က ယခု အလှူပွဲမှာ ၅ကြိမ်မြောက်ဖြစ်သည်ဟု ပြောသည်။

“ဒီက အလုပ်သမားတွေ အတွက် သံဃာတော်တွေကို တစ်နေရာတည်းမှာ စုစည်းပြီး သူတို့တက်နိုင်သမျှ ဆွမ်းခြောက် လောင်းလှူနိုင်အောင်နဲ့ သူတို့ရဲ့ ချွေးနဲစာတွေနဲ့ စုပေါင်းပြီး ၀ယ်ထားတဲ့ ပလ္လင်ကို ကိုယ်တိုင်ကိုယ်ကျ ကပ်လှူ၊ ရေစက်ချ၊ အမျှဝေ၊ ကုသိုလ် ယူနိုင်အောင် ဖြစ်ပါတယ်။ နောက်တစ်ခုက ရွေ့ပြောင်း အလုပ်သမားတွေ အချင်းချင်း ဒီထက်ပိုပြီး ရင်းနီးမှု ရစေချင်လို့ပါ” ဟု ကိုနော်မဲ့က မိုးမခသို့ ပြောကြားသည်။

ပရိတ်သတ် ၈၀၀ ကျော်တက်ရောက်ပါဝင် ခဲ့သည့် အလှူပွဲသို့ ထိုင်းနိုင်ငံ တောင်ပိုင်း အခြေစိုက် GHRE နှင့် HREIB အဖွဲ့တို့ကလည်း ပါဝင်ကူညီ အားပေးခဲ့ကြသည်။

အလှူပွဲ စီစဉ်သည့် ကရုဏာရှင် ညီအကိုများ အဖွဲ့သည် ထိုဒေသရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများဖြင့် ဖွဲ့စည်း တည်ထောင်ထားခြင်း ဖြစ်သည်။ တစ်ဖက်က အလုပ်လုပ်ရင်း၊ အခြားတစ်ဖက်ကလည်း ၎င်းတို့ကဲ့သို့သော ဘ၀တူ အလုပ်သမားများ၏ သာရေး၊ နာရေး အခက်အခဲများ၊ ဘာသာရေး လုပ်ငန်းများကို ကူညီဆောင်ရွက်ပေးနေသော အဖွဲ့ ဖြစ်သည်။ ယင်းအဖွဲ့ကို ဆူနာမီ ကပ်ဆိုးကြီး အပြီး ၂၀၀၅ ခုနှစ် ဩဂုတ်လတွင် အဖွဲ့ဝင် ၉၄ ယောက်ဖြင့် စတင် ဖွဲ့စည်းတည် ထောင်ခဲ့ကြောင်း သိရသည်။ ယခုအခါ အဖွဲ့ဝင် ၁၅၇ ယောက် ရှိသည်ဟု ဆိုသည်။

No comments:

Post a Comment